တခါတလေ သတိရခြင်းတွေနဲ့ ပဲ …မွန်းကျပ်နေရတယ်…
နင်နဲ့ ငါ မလျှောက်ဖြစ်တဲ့ ငါနဲ့ နင်ရဲ့ လမ်းတွေ အကြောင်းပြန်တွေးဖြစ်တယ်…

ဒါဟာ အိပ်မက်မဟုတ်ကြောင်း ငါ့ကိုယ်ငါ အကြိမ်ကြိမ် အခါခါ ပြန်ငြင်းနေလျှက် က
နင်မရှိတော့တဲ့လမ်းမှာ ငါ့ကိုယ်ငါ ပျောက် ပျောက်သွားခဲ့တယ်…
အရင်ကလိုပဲ….
ဒဏ်ရာတွေကို ဒဏ်ရာတွေနဲ့ ပဲ ပြန်မြှောက် …..ဒဏ်ရာတွေကို ဒဏ်ရာတွေနဲ့ ပဲ ပြန်စားရင်း….

မကြာခဏ အိပ်ပေမယ့် ငါတခါမှ အိပ်မပျော်ခဲ့ရပါဘူး… ကွယ်…
စွတ်စွဲချက်တို့ ခါးသီးတဲ့ နင့်နှုတ်ခမ်းပါးတွေကိုမုန်းတီးတယ်…
ငါကိုယ်တိုင် ပြောခဲ့ဖူးသလို….
………………………………………
အတိတ်ဟာ အရိပ်တွေလား….
အတိတ်ဟာ အရိပ်တွေလား……..
အတိတ်တွေဟာ အရိပ်တွေလား…………..ကွယ်…

ဝေခွဲရခက်တဲ့ ပျော့ညံ့ညံ့ စကားလုံးတွေအစား
ငါ့မျက်စိရှေ့ က ဖြူလျော်လျော် ကော်ဖီတခွက်ကိုပဲ မုန်းပစ်လိုက် မိတယ်…
(ဒီမယ် ကော်ဖီတခွက် …နင့်လိုပေါ့ပျက်ပျက် အရာတွေ ငါမုန်းတယ်)
နှုတ်ဖျားမှ ဒီစကားလုံးအစုံ ထွက်ကျပြီးနောက် ဒီနေ့ အချိန် အထိ ငါမှန် မကြည့် ရဲခဲ့ပါ….

ဘယ်ဘတ် ရင်ညွှန့် အောက်က ခပ်စူးစူးဝေဒနာ ကြောင့် အဖြူရောင် ကိုငါမုန်းတယ်…
အိမ်မှာ ခွေးတွေ အများကြီးမွေးတတ်ပြီး လူကိုလူလို မကြည့်တတ်တဲ့ လူတွေကြောင့်
အိပ်ဆေးတွေကို ငါချစ်တယ်…
ဒီမယ်…
နင် ပိုက်ထားတဲ့ဂစ်တာ တလက်ကိုခဏ ဘေးချပြီး ငါ့အိပ်မက်ထဲ ကိုဝင်လာခဲ့စမ်းပါကွယ်….
တကယ်ကို ခဏလေးပါပဲ…
……………………………………….
ငါလဲ ဒီလောက်တော့…… အထူအပါး နားလည်ပါ သေးတယ်…….

အပြာရောင်ဆိုတာ တကယ်တော့ စားကောင်းတဲ့အသီးတခုမှ
မဟုတ်ခဲ့တာပဲ…ကွယ်…….။ ။

ယုံကြည်မှုဆိုင်ရာ ဘာသာဗေဒ

ငါတို့က လူငယ်တွေဖြစ်တယ်. . .

ငါတို့က ဂျင်းဘောင်းဘီကို ထည်လဲဝတ်တယ် . . .

ငါတို့က နားကပ်တွေ အမျိုးမျိုးတပ်တယ် . . .

ငါတို့က ပေါ့ပေါ့ပါးပါး နေတယ်. . .

ငါတို့မှာ အငှားခံစားတတ်တဲ့ ရင်ဘတ်တွေရှိတယ် . . .

ငါတို့မှာ ယုံကြည်လေးမြတ်တဲ့အရာတွေရှိတယ်. . .

ငါတို့မှာ ရိုးစင်းတဲ့ မျှော်လင့်ချက်တွေရှိတယ် . . .

ငါတို့က လိုအပ်သမျှကို လုပ်နိုင်သမျှ လုပ်တယ် . . .

ငါတို့က နှုတ်ဖျားက ဖရုဿဝါဆာနဲ့ ရင်ထဲကခင်မင်မှုကို ညွှန်းတယ်. . .

ငါတို့မှာ အချင်းချင်းသာနားလည်နိုင်တဲ့ ဘာသာဗေဒကိုယ်စီရှိတယ် . . .

ငါတို့မှာ သူတစ်ပါးလှေအတွက် တက်တစ်ချောင်းဖြစ်ဖြစ်ဝင်လှော်ပေးချင်တဲ့ ဆန္ဒတွေရှိတယ် . . .

ငါတို့က ၀ိဥာဉ်တူချင်း စုဖွဲ့ကြတယ် . . .

ငါတို့က အနှစ်သာရချင်း ဝေမျှကြတယ် . . .

ငါတို့က အခြားမျှော်လင့်ချက်တွေအတွက် ငါတို့ဦးတည်ချက်တွေပေးတယ် . . .

ငါတို့က လက်ချင်းတွဲထားတဲ့ တောင်တန်းတွေဖြစ်တယ် . . .

ငါတို့က အနံ့ဆိုးတွေကြားမှာ နှာခေါင်းမရှုံ့ပဲ သွားနေကြသူတွေဖြစ်တယ် . . .

ငါတို့က ဥယျာဉ်မှူးလို့အမည်မခံပဲ ပန်းတွေလည်းစိုက်ကြတယ် . . .

ငါတို့က နာမည်အမှန်ကို မသိကြပေမယ့် စိတ်အမှန်ကိုတော့ နားလည်ကြတယ် . . .

ငါတို့မှာ နာမည်ပြောင်တွေ ကိုယ်စီရှိကြတယ် . . .

ငါတို့မှာ နောက်ပြောင်တတ်တဲ့ ဥာဉ်ကလေးတွေရှိကြတယ် . . .

ငါတို့မှာ ငါတို့ကို ဆန်ကုန်မြေလေးလို့ပြောချင်သူတွေလည်း ၀ိုင်းနေကြတယ် . . .

ငါတို့မှာ လုပ်ချင်ရာလုပ်တတ်တဲ့ အကျင့်ဆိုးလေးတွေလည်းရှိကြတယ် . . .

ငါတို့မှာ တစ်ယောက်ယုံကြည်မှုကို တစ်ယောက်ဖတ်ပေးတဲ့ သူငယ်ချင်းအကောင်းစားတွေလည်း ရှိကြတယ် . . .

နောက်ပြီး ငါတို့မှာ ကိုယ့်ခြေရာကိုယ်ပြန်ကြည်ရင်းနဲ့ တစိမ့်စိမ့်ဖြစ်တဲ့ ပီတိလေးတွေလည်း ရှိကြတယ် . . . ။ ။

 

 

ဝဋ် အကြီးကြီး လည်တယ်

 

ဝေး ကို ဝေး ရ မှ ….. ဖြစ် ကို ဖြစ် ရ မှာ ဆို တော့

လေ ယာဉ် ပျံ ဟာ …… ဦး ထုပ် ထဲ က ထွက် ကျ လာ

ဒီ မှာ . . . . . . . .

ခါး စည်း ပြီး တော့ လွမ်း ( နေ ရ ) တယ် ၊၊           ၊၊

 

<<- ဇာတိ --->

 

ကို ညီစိမ်း ရဲ့ ဝဋ်အကြီးကြီးလည်တယ် ကဗျာ အား မိမိခံစားမှုဖြင့် ပြန်လည်ခံစားပါထားတာဖြစ်ပါတယ်၊၊ ၊၊

 

လူအတစ်ကောင်ရဲ့ အန်ဖတ်

 

ကျနော်က ကမ်းလဲမမြင် တဲ့အကန်း

လမ်းမမြင်ရပဲ လန်းနေတဲ့ကောင်

မှောင်လို့လားလို့မေးတော့

ပြောဖူးပါတယ်

မျက်မမြင်သိသောအလင်းဟာ အမှောင်လို့

ဒီမှာ . . . တစ်ခါပြောနဲ့ မှတ်ထားဗျာ

ထပ်ခါထပ်ခါ ပြောနေရတာ

ကွက်စိပ်ဟောတဲ့လူတွေရဲ့အလုပ်

ကြည့်လိုက်ရင် မှုန်ကုပ်ကုပ်နဲ့

အမြင်ကမှုန်တော့လည်း

ကုတ်တာတောင်နေရာလွဲတာပေါ့လေ

တစ်ခါတစ်လေဟုတ်လား

မနေ့ကလည်းတစ်ခါကြားလိုက်သလိုပဲ

တစ်နေ့လာလည်း တစ်ခါတစ်လေ

ဘတ်စ်ကားက မှတ်တိုင်တွေကိုမစောင့်ဘူးဗျ

အာဒမ်နဲ့ဧ၀က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့

နည်းနည်းလေးတော့ဖြစ်ဖြစ်သက်ဆိုင်တယ်တော့ထားလိုက် ။

မဆိုင်လည်း ဆိုင်ပစ်လိုက်မှာပဲမဟုတ်လား ။

ဆိုင်ကနေမှ ၀ယ်လို့မရတာ . . .

မျက်နှာချင်းဆိုင်က လာတာလေ

သူကလည်း သူ့အထာနဲ့တော့ သူပေါ့ဗျ

သူ အ, တာတော့ဘယ်ဟုတ်မလဲ

အဲဒါလည်း သူ့အထာပဲကိုး။

ဒါလေးတောင်မသိရင်တော့

ဦးနှောက်က ဆိုဒ်သေးတယ်ထင်တယ်

အော်ဒါမှာထားသေးလား

တွေးတတ်ခေါ်တတ်တဲ့ကောင် ဆိုဒ်ကြီးကြီးရချင်တယ်လို့များ. . .

တွေးပီးမှ လှမ်းခေါ်ဖို့တော့ သိထားဗျနော်

မတွေးပဲလှမ်းခေါ်လိုက်ရင်လည်း

အန္တရာယ်က ခပ်များများလေ

ခင်ဗျားကတော့ ဘယ်ပဲသွားသွား

အဖော်လေးနဲ့မှမဟုတ်လား ။

အဖော်မပါရင် နိဗ္ဗာန်တောင်မသွားဘူးဆိုတော့

ဒီတစ်သက်တော့ ရောက်မယ်မထင်ဘူး။

စိတ်ရောကိုယ်ရောနှစ်ထားပြီးမှ

အနှစ်သာရမရှိခဲ့တာ

နှစ်တွေဘယ်လောက်ကြာပြီလဲ. . . .

အစွန်အဖျား လျှောက်ပြီးတင် မထားနဲ့

မတော်ရင်ကျကွဲတတ်တယ်လို့လည်း

လျှောက်တင်ပါရစေ

ဒီလောက်ကြာအောင်ရေမြင့်ပေးနေလည်း

ကြာကတော့တင့်မလာဘူး

ရေစက်ကိုတောင်မှ

ရေတွက်ပြီးချနေတာပဲဗျာ. . . .

ပြောရတာများလာတော့

အသံတွေ အသွားအလာမရှိတော့ပဲ

အ , သွား ကြရှာပြီ ။

နင်တစ်ဝက်ငါတစ်ဝက်နဲ့ငါတစ်ဝက်နင်တစ်ဝက်ထမ်းထားတဲ့ကောင်းကင်



မနက်ဖြန်ကို မနက်ဖြန်လို့မမြင်ခင်ကတည်းက

နင့်ကို ငါ့်ရဲ့တစ်ဝက်တစ်ခြမ်းလို့ ငါမြင်တတ်ခဲ့တာ

မိသုနြေ္ဒရေ. . .  ခုတော့

မိုးကတောင် ငါ့ကိုတစ်ဝက်ပဲစိုအောင်ရွာတယ်။

 

တိမ်အသေတွေပါလားမိသုနြေ္ဒ

ဟိုးမှာ. . ဟိုး. . . . .မှာ လေ

ခပ်နိမ့်နိမ့် သေနေကြတာကွယ်

လေပြေဟာတောင် သူတို့နဲ့မဆိုင်လိုက်သလိုပါပဲ။

 

နင်မေ့ထားလိုက်တာလားမိသုနြေ္ဒ

နင်က ငါတစ်ဝက်နဲ့ နင်ဖြစ်သလို

ငါကလည်း နင်တစ်ဝက်နဲ့ငါဖြစ်နေခဲ့တာ

တကယ်ဆိုတော့ ငါတို့ဟာ

တစ်ယောက်စီရဲ့ ပျောက်ဆုံးနေတဲ့အစိတ်အပိုင်းတွေပါ။

 

ကျောက်ခေတ်လူသားက

မီးကိုရှာဖွေတွေ့ရှိသလိုမျိုး

ကန္တာရက စမ်းချောင်းကိုရှာဖွေတွေ့လိုက်သလိုမျိုး

မီးခိုးတန်းက ကောင်းကင်ကိုရှာဖွေတွေ့ရှိလိုက်သလိုမျိုး

ငါနင့်ကိုရှာဖွေတွေ့လာခဲ့တာပါ မိသုနြေ္ဒ ။

 

တရွေ့ရွေ့  . . .

တ. . . ရွေ့  . . . ရွေ့  . . .  ရွေ့     နေ

မုန်တိုင်းမှာ ပန်းတွေပွင့်လာတယ်မိသုနြေ္ဒ

မုန်တိုင်းကပန်းတွေသယ်လာတာမဟုတ်ဘူးနော်

မုန်တိုင်းမှာ ပန်းတွေပွင့်လာကြတာ ။

 

ဖြည်းဖြည်းပဲသွားပါ

ခလုတ်တွေတိုက်မိနေဦးမယ်

နင့်နောက်ကလိုက်မလာသလို

နင့်ကိုလဲဆွဲမထားပါဘူး မိသုနြေ္ဒရယ်။

 

သွားတော့နော်. . .

မနက်ဖြန်ဟာ မနက်ဖြန်မဖြစ်ခင်မှာ

ငါတစ်ဝက်ဟာနင်ဖြစ်လျက်ပါသွား

နင်တစ်ဝက်က ငါ့ဆီကထွက်သွားကြ. . . . . . . . .။         

" အသည်းကွဲ စက္ကူ "

 

ငါ က

(ဒုက္ခလှလှလေးနဲ့ ရေးထားတဲ့)

ကဗျာတစ်ပုဒ်ဖြစ်ချင်ခဲ့တဲ့

စက္ကူတစ်ရွက်ပါ။

(တစ်ဦးတစ်ယောက်ရဲ့)

လက်ဖဝါးလှလှလေးကသာ

ငါ့ကို

......... လေယာဉ်ပျံလုပ်ပြီး

လွှင့်မပစ်ခဲ့ရင်ပေါ့ ၊၊            ၊၊

    (ဇာတိ)

 

 

" အသည်းကွဲစက္ကူ "

 

နင်ကြိုက်တဲ့

ရောင်စုံစက္ကူတစ်ရွက်မှ

ငါက ဖြစ်မလာတာ

အရုပ်လှလှလေးတွေလည်းမပါဘူး

အရောင်ဗလာနဲ့

မီးထဲရေထဲ

အသည်းကွဲနေတဲ့ စက္ကူ . . . . .၊၊   ၊၊

 (သူရဿဝါ)

 

 

"  အသည်းကွဲ စက္ကူ "

 

တိမ်တွေကိုမည်းမှောင်ပစ်လိုက်ရင်း

ညနေရဲ့အမှောင်ကို ပျစ်စေးစေလိုက်ရင်း

မြေနီလမ်းလေးကို စိုထိုင်းစေလိုက်ရင်း

လျှပ်စီးတန်းတွေကို ကွေးကိုင်းစေလိုက်ရင်း

မုတ်သုံကို ရင်ဘတ်ထဲဆွဲသွင်းထားလိုက်ရပြီး

အဲဒီညနေဟာ

သက်ဆိုင်ရာသို့အကြောင်းမကြားလိုက်ရဘဲ

အသံတွေတဖြည်းဖြည်း တိမ် တိမ်သွားတယ်။

(ကြက်သွန်)

 

"  အသည်းကွဲ စက္ကူ "

 

တတ်ပဲတတ်နိုင်လွန်းလှချည်ရဲ့

တစ်ဝက်တစ်ခြမ်း စုတ်ဖြဲခဲ့ပြီးမှ

နယ်နမိတ်ချင်း ပြန်လည်ထိစပ်ချင်ပါသတဲ့လား ..

စေလိုရာကို စေပါတော့ .. မှော်လေးရေ

ငါဟာ … အပိုင်းပိုင်းပြတ်နေတဲ့

မင်းရဲ့ လိုရာသုံး စက္ကူစုတ်လေးတစ်ရွက်မို့ပါပဲ ကွယ် ၊၊       ၊၊

(မင်းယွန်းသစ်)

 

"  အသည်းကွဲ စက္ကူ "

 

တစ်ခြမ်းစီ ကွဲကြေသွားပြီဆိုမှ

ပိုင်းခြားလိုက်ကြတာ မဟုတ်ဘူး

. . . .  မဆုတ်မဖြဲ

ပြဲ သွား ခဲ့ တဲ့ စ က္ကူ လေး မှာ

နင် နဲ့ ငါ

တစ် ခြမ်း စီ ပါ သွား ခဲ့ တယ် ၊၊         ၊၊

(ရိုးရာ)

 

"  အသည်းကွဲစက္ကူ "

 

အရောင်မရှိ အနံ့မရှိ

ဘာဖြစ်တည်မှုတစ်ခုတစ်လေမပါဝင်ခဲ့တဲ့

စာရွက်တစ်ရွက် ပါ

ဒါကိုများ ၀ိုင်းသမုတ်လိုက်ကြပါသေးတယ်

အသည်းကွဲ စက္ကူ တဲ့........................၊၊

( အမည်မဲ့)

 

"  အသည်းကွဲစက္ကူ  "

 

စက္ကူတစ်ရွက်ရဲ့ တန်ဖိုးကို

အဲဒီစက္ကူအပေါ်မှာရှိတဲ့ ပုံရိပ်တွေနဲ့ ဖြတ်တယ်...

တကယ်လို့

ငါက စက္ကူတစ်ရွက်ဆိုရင်

ငါ့တန်ဖိုးကို ဘယ်လိုဖြတ်ကြမလဲ...

ငါ့ အ ပေါ် မှာ

နင့်ပုံရိပ်တွေချည်း ရှိနေတယ်...။ ။

 (ရွှေယုန်)

 

"  အသည်းကွဲစက္ကူ  "

 

ဘယ်သူကရေးလို့ ဘယ်သူကဖျက်လည်း

လက်နဲ့ ရေးပြီး ခြေနဲ့ ဖျက် ခြေနဲ့ ရေးပြီး လက်နဲ့ ဖျက်

(အမှားတွေကင်းအောင်လို့ တဲ့ လားကွယ်)

ဘာမှမကျန်ခဲ့ ဘူးဆိုပေမယ့်

စက္ကူဘယ်လောက်ကောင်းကောင်း ခဲဖျက်နဲ့  ခဏခဏဖျက်မိတဲ့ အခါ

စုတ်ပြဲသွားတတ်တာပဲ။  ၊၊

(ဖိုးခွား)

 

 

"  အသည်းကွဲ စက္ကူ "

 

ရိုးသားစွာ ရက်စက်တဲ့လက်ရေးလှလှလေးကြောင့်

အသည်းကွဲ သွားတဲ့ စက္ကူချပ်လေးထဲ

(ကိုယ်)

လောင်ကျွမ်းခဲ့ရတယ် ၊၊          ၊၊

(ဏေသစ်)

 

ဒီကနေ့ဟာ ကျနော်ဆိုတဲ့ကောင်တစ်ယောက် ခြေထောက်ပေါက်ခဲ့တာ ဆယ်စုနှစ်နှစ်ခုရဲ့စည်းအပြင်ကို ခြေတစ်လှမ်းကျွံမိတဲ့နေ့ပေါ့။ ဟိုး. . . ခပ်လှမ်းလှမ်းက လွမ်းနေမယ့်အမေ့ကို ဒီကဗျာလေးနဲ့ဦးချပါရစေ။



နိုဝင်ဘာရောက်ပြီ မေမေ

တစ်ခုခုများမှားနေသလားဆိုတော့
တစ်ခုခုမကဘူး မှားနေတယ်မေမေ
ဒါနဲ့ပဲ . . .
ဟိမဝန္တာကို
ဖိနပ်မပါပဲ တက်လာခဲ့တယ်။

မေမေရေ. . .
လမ်းလျှောက်ကောင်းတဲ့လူမိုက်
ခုတော့ ခလုပ်တိုက်ပြီ။

“သားရေ. . . လှေမထွက်ခင် ရေကူးတတ်အောင် သင်ထား”တဲ့
ဟုတ်တယ်မေမေရယ်
တက်မပါပဲ
ပင်လယ်ကိုလှော်ဖို့ကြိုးစားတာ
သား. . . မှားတယ်။

ဒီဆောင်းကလည်း
အဟောင်းကြီးပါမေမေရယ်
ဘာလို့စောင်အသစ်တွေခြုံမလဲ
အနွေးထည်အဟောင်းလေးလည်း နွေးပါတယ်။

မေမေခဏခဏပြောတယ်
“ခုလိုနိုဝင်ဘာမျိုးပေါ့”တဲ့
မေမေ့အတွက်တော့ နိုဝင်ဘာတိုင်းဟာ
တူနေမှာပေါ့
တကယ်တော့. . .
ခုနိုဝင်ဘာက အဲဒီတုန်းကလို
မအေးတော့ဘူးဗျ။

ခုဆို နိုဝင်ဘာကိုရောက်ပြီလေ
ဒီတစ်နှစ်လည်း
ကုန်းထိပ်ကဘုန်းကြီးကျောင်းအတွက်
မေမေဆွမ်းတစ်ချိုင့်ချက်တော့မယ်ဆိုတာ
သားသိပါတယ်။

သားမှတ်မိသေးတယ်မေမေရာ
ငယ်ငယ်တုန်းကလေ
မေမေက မြေပြင်ပေါ်ကြယ်ပုံရေးပြတော့
သားကမိုးပေါ်မှလက်ညှိုးထိုးပြခဲ့တာ
အဲဒီကြယ်ကလေးကတော့
မိုးပေါ်မှာခုလင်းနေပြီ
သားကတော့
မြေပြင်ကိုငုံ့ကြည့်နေတုန်းပဲ မေမေ ။ ။

;;