စိတ်ကူးတွေ တမြမြကျွမ်းလောင်
စီးကရက် အဖျားမှာလဲ ပြာတွေ ရှည်လျားခဲ့ပြီ

ညမှ တကယ့်ည
ပြာရီ မှုန်ဝေ အေးစက် တိတ်ဆိတ်
နာကျင် ကြေကွဲ ခံစား ပြိုလဲ
အနာဂတ်တွေထဲမှာတောင် လွမ်းတမြမြ
အိမ်မက်တွေ ၀င်ရိုးစွန်းက
လိမ့်ကျစေတဲ့ည....။

စိမ်းလဲ့ပါးလျတဲ့ နှုတ်ခမ်းဖျား...
အလွမ်းတွေ တစ်သက်စာ ရေးသွားတယ်....။
ခြစ်ရာ ကြေရာ မွရာ ပရပွနဲ့
သက္ကရာဇ်အဟောင်းတွေကိုတော့
ငါလိုလူမိုက်က အိပ်ကပ်ထဲထည့်ထားမိဆဲပဲ....။

ဘယ်လိုအခက်..ဘယ်လိုအရွက်လဲ
ဘယ်လိုအပွင့် ...ဘယ်လိုရနံ့လဲ
ဘယ်လိုအသီး....ဘယ်လိုအဆိပ်လဲ.......
ဧဒင်ထဲလည်း မရောက်ဖူးဘူး
ချစ်တတ်နေတာတွေ အခက်ကြီးခက်ပါရဲ့

ဝေဒနာတွေ ဓါးလိုထမ်းပြီး မျှော်လင့်ခြင်း ပန်းခင်းကို
ငါပေါင်းသင်ခဲ့ပါတယ်......။
အဘယ်နတ်ဘုရားဆီက ဘယ်လိုဆုမျိုးကိုမှ
ငါလိုလူမိုက်က မတောင်းခံဖူးဘူး..........။

သွေးတို့မြေခ... ဒူးတို့ခွေကျ
အဲ့ဒီလမ်းမှာ အလွမ်းတို့ သင်းဝေလာတာတောင်မှ
သွေးတရဲရဲကြားက လူမိုက်နှုတ်ခမ်းတွေက
စကားတစ်ခွန်းကို ရေရွတ်ချင်နေသေး..
''
အချစ်ဆိုတာ ငါ့ကိုအလဲမထိုးနိုင်ပါဘူး''
''
အချစ်ဆိုတာ ငါ့ကို အလဲမထိုးနိုင်ပါဘူး''တဲ့လေ....။

စစ်ကူမဲ့နေတာတောင် လူမိုက်က
သူရဲကောင်းလုပ်ချင်... လက်နက်ချတဲ့ပညာ
ခေါင်းမာမာနဲ့ မတတ်ပြန်ဘူး.....။

အဲ့လိုနဲ့ပဲ စစ်ရှုံးခဲ့ပါတယ်... ဆုံးရှုံးခဲ့ပါတယ်
ကျရှုံးခဲ့ပါတယ်..... ပျောက် ဆုံးခဲ့ပါတယ်
တောင်စွယ်မှာနေကွယ်ပြီလေ...
သေမိန့်နှုတ်ခမ်းတွေကို စိတ်ကူးနဲ့ နမ်းရှိုက်ပါရစေဦး.....။

ဒဏ္ဍာရီထဲက မေ့ကျခဲ့တဲ့ ဓါးတစ်လက်
ငါ့ရင်ဘက်ကိုစိုက်ပါ...။ ကျေး....ဇူး....ပြု..ပြီး
မုန်းပါ......။
မေ့ပျောက်ခြင်းဆိုတဲ့ ဝေါဟာရတစ်လုံး
နင့်အဘိဓာန်မှာ ပျောက်ဆုံးပေးပါ....။
ကျေးဇူးပြုပြီး မုန်းပါ...
ကျေးဇူးပြုပြီး မုန်းပါ......
မုန်းပါ... မုန်းပါ.....၊၊

 

ခေါင်းစဉ် - ဇာတိ

ရေးသားသူ - ပိုးဥ

 

0 Comments:

Post a Comment