စနိုက်ပါသမားကသူ့အချိန်အဆနဲ့သူဆိုရင်

သတင်းစာပို့သမားကလဲ သူ့အချိန်အဆနဲ့သူပါပဲ

ညီမလေးရေ

ကိုယ်တို့ရဲ့ဇာတ်ဝင်ခန်းမှာလဲ

ကိုယ့်လွမ်းတေးနဲ့ကိုယ်ပေါ့

 

မိုးဘယ်လောက်ပဲရွာရွာ

ထီးတွေကိုပိတ်ထားကြရအောင်

အဲဒီလိုပဲ

လောကဓံက ကိုယ်တို့ရဲ့ကျောပေါ်ကို

တိုက်ရိုက်ထိခတ်ပါစေ

 

မပြောရသေးတဲ့စကားတစ်ခွန်းက

ပြောပြီးသားစကားနှစ်ခွန်းထက်

ပိုပြီးတန်ဖိုးရှိတယ်တဲ့ ညီမလေး

ကိုယ်တို့ဆိတ်ဆိတ်ပဲနေလိုက်ကြရအောင်

ကိုယ်တို့ဇာတ်ဝင်ခန်းမှာ

မိုးဘယ်လောက်ပဲရွာရွာပေါ့

 

တစ်နေ့တစ်လုံးသီရင်းနဲ့

တစ်နေ့နေ့မှာတော့

ပုတီးကုံးလေးတစ်ခုတော့ရတန်ကောင်းပါရဲ့

.......................

ကိုယ်အဲဒီလောက်ထိမျှော်လင့်တတ်ခဲ့ပါတယ်

ညီမလေးရယ်

 

ညီမလေးရေ

မိုးတွေဘယ်လောက်ပဲရွာရွာ

မိုးတွေဘယ်လောက်ပဲရွာရွာ

မိုးတွေဘယ်လောက်ပဲရွာရွာပေါ့

ကိုယ်တို့ရဲ့ထီးတွေကို

ပိတ်ထားကြရအောင်။  ။

 

0 Comments:

Post a Comment