ကြယ်တွေ ကလည်း အုံ့မှိုင်းလိုက်၊ ကြွေလိုက် . . .။
မြေခတာ ဓမ္မတာဖြစ်နေတဲ့ လောကအထာကိုလည်း၊
ငါ နပ်လိုက်၊ မနပ်လိုက်။ ။

ချစ်သူ . . . . .
ကိုယ်ဟာ
ခြောက်သွေ့ အေးခဲနေတဲ့
ညတွေထဲမှာအိမ်မက်တွေကတုန်ကယင်နဲ့
ဖြူဝင်းသေးသွယ်တဲ့ စကားလုံးအဟောင်းတွေ ဟောင်းလောင်းပွင့်လို့၊
တကယ်တော့ကိုယ်ဟာလည်းကံကြမ္မာမြစ်ရိုးမှာ
ရေကွက်နောက်ခဲ့ရတဲ့လူတစ်ယောက် . . . ၊
သိရဲ့လား။

ဂစ်တာတစ်လက်ကတော့၊
သူ့ကြိုးတွေအပေါ်တစ်ပေါက်ပေါက်ကျနေတဲ့
မျက်ရည်တွေကြောင့် သံစဉ်တစ်ခုကို ပျံ့လွင့်နေစေတယ်။

ကျောက်စိုင်ကျောက်ခဲ ဖြစ်နေတဲ့ ခပ်ရှရှ ခါးသီးသီး ဒိုင်ယာရီတစ်အုပ် ထဲမှာ
ဟိုးအဝေးက ဆီနှင်းတွေ တဖွဲဖွဲနဲ့ ကွေးညွတ်ဖြာကျ။
အမှောင်ကွယ်ပြီး သိမ်းထားတဲ့ အသက်ရှုသံတိုးတိုးလေးတွေ
. . . .

ပြုစားဝိညာဉ်၊ အက်စစ်ရမ်တစ်ခွက်၊
အတေအပေမှတ်စု၊
ငါဟာညစ်နွမ်းနေတဲ့ နံရံတစ်ခုကိုမှီလို့။
မြူခိုးတွေဝေလို့။
အလင်းရောင်တွေ၊ ထွေပြားလို့။
မျက်ရည်မဲ့ငိုလို့ ။
. . . .
နှလုံးသွေးတွေ၊ ခေတ်တွေ၊ ဘယ်နှစ်ကြိမ်တိုင်ခဲ့ပြီလဲ။

အဲဒီနေ့က၊
နှင်းဆီနံ့တွေထောင်းထောင်းထ၊
မပြင်ပဲလှနေတဲ့ ညနေတစ်ထည်နဲ့၊
မပွင့်ခင်ကြွေခဲ့ရတဲ့ နှင်းဆီလွမ်းခန်း ။ ။ ။

                                                                        လင်းနီညို

0 Comments:

Post a Comment