ကခြေသည်ရဲ့ ဗျပ်စောင်းတစ်လက်နဲ့
မီးလျံပန်းပွားတွေ ပျောင်းသွဲ့လွန့်လူး
နတ်ဘီလူးတစ်သောင်းက
ဂီတတစ်ပုဒ် ထုဆစ်လိုက်ကြတယ် ။

ငါ. . . ဘာမှမသိလိုက်ရဘူး နှင်းဆီဝါရယ်
ငါ. . . ဘာမှ မသိခဲ့ရပါဘူး ။

မြှားတစ်စင်းကို
ညှို့ကလွှတ်ပြီးမှ
ပြန်ချော့ခေါ်လို့မရဘူးကွယ့် . . . ။

သက်တံ့ကိုခူးတော့မယ်ဆိုကာမှ
ဘယ်အရပ်က နေ၀င်သွားရတယ်မသိဘူး
တစ်ယောက်တစ်ပေါက်နဲ့
သေမလောက် ဝေးခဲ့ရတယ်. . . ။

ပန်းခေတ်ယဉ်ကျေးမှု တစ်ပိုင်းတစ်စနဲ့
ပန်းရိုင်းနှင်းဆီမလေးရယ်
မလွမ်းချင်ဘူးဆိုပြီး . . . ငါ
. . . လွမ်းတယ်. . . ။

မိုးတွေက သည်းကုန်ကြပြီ
ကိုယ်လည်း
အားပါးတရ ရွာပြလိုက်ချင်တာပေါ့ ။

တကယ်တော့
ဟောဒီ ခြောက်သွေ့သွေ့ကောင်ရဲ့ ရာသီဥတုမှာ
နွေရောက်ခဲ့တာ ကြာပါပြီကောလေ. . . ။

မြက်ဝါတွေ တလိပ်လိပ်နွဲ့ယိမ်း
အိပ်မက်တွေ
ဘယ်သူခေါက်သိမ်းသွားခဲ့ပါလိမ့် ။

ဟိုး. . . တုန်းက
အပိုင်ရခဲ့ဖူးတဲ့စနေတွေ
ဒီနေ့. . .
ကိုယ့်ကို တစ်ဖဲ့ချင်းခြွေချနေကြတယ် ။

ကြောက်စရာကောင်းလိုက်တာ
ပညာတွေဘယ်နှစ်ခန်းတိုင်ခဲ့ပြီလဲ
အသည်းတစ်ခြမ်းပဲ့ပါသွားမှ
“စုန်းမ”မှန်းသိရတယ် . . . ။

အဲဒီ ခရမ်းရောင်နှုတ်ခမ်းတွေပါပဲ
ကိုယ့်ကိုလိုသလိုကြိုးဆွဲသွားခဲ့တာ
ကုပ်ပိုးမှာ “ဘို့” ထွက်လာမှ
အထိတ်တလန့် ထအော်မိတယ်
“. . . . . . . . . . .”

ကိုယ်က. . .
လွင်ပြင်တွေပေါ်ကူးခတ်ပြီး
ဘီလူးတစ်ခြမ်းနဲ့ဂီတကိုမှ
တေးဖွဲ့ကပြချင်ခဲ့သူ
မီးခိုးတွေ “အူ” တက်လာတဲ့အထိ
ကောင်းကင်ကို မှိုင်းတိုက်ပစ်လိုက်ရော

တိမ်ဖြူလွလွတွေကတော့
ကျပ်ခိုးမစွဲကြပါဘူး
ကိုယ့်မှာပဲ. . .
တမြေ့မြေ့ ပြာ. . . ကျ . . . ၊၊    ၊၊

 

 

--ရိုးရာ--

0 Comments:

Post a Comment