မနိုင်ဝန်ထမ်းထားရတဲ့ ပြယုဂ်တွေ

ကျွန်တော့် ပြတိုက်လေးနဲ့တောင်

ကောင်းကောင်း မဆန့်ရှာတော့ဘူး ။

အားပေးဖော်ဆိုလို့ ငယ်ငယ်လေးထဲက

မပျောက်ရှအောင် သိမ်းဆည်းထားခဲ့တဲ့

ပြဒါးကြွေကြည့်မှန်လေး တစ်ချပ်ပဲ ရှိတော့တယ် ။

ရင်ဘတ်မှာ တယုတယ ချိတ်ဆွဲဖူးတဲ့

ဖြူပြာကြား လက်ကိုင်ပုဝါလေး ၊

ခုတော့လည်း ..... ရောင်စုံ အမာရွတ်တွေနဲ့

နွမ်း ..... လျ ..... မွ ..... ကြေ ..... နေရှာပြီ ။

စိတ်ချလက်ချထားခဲ့တဲ့ ၇ နှစ်စာ မှတ်တမ်းမှာ

ဆေးစက်တွေ ၊ ဒဏ်ချက်တွေ ၊ မျက်ရည်တွေနဲ့

အရင်ကလို မစိမ်းလန်းတော့ဘူး ။

စာရွက်လှန်သလိုသာ ပြန်လှန်လို့ရကြေးဆို

သော့ပေါက်ထဲ ကျပျောက်သွားတဲ့

ကျွန်တော့် ရှေးဟောင်းနာရီလက်တံလေး ၊

ရေးလက်စ ခွေးတံဆိပ် ခဲတံလေး ၊

ခေါက်ထားတဲ့ ဗလာစာအုပ်ဟောင်းလေး ၊

စာရေးစားပွဲအိုလေးပေါ်မှာ ပြန်ထားထားချင်တယ် ။

ပြန်ထားချင်ရုံ သက်သက်ပါပဲ ။

မီးပူမတိုက်ရသေးတဲ့ ဖယောင်းသွင်းရုပ်လုံးကြွတွေ ၊

ပုံစံမှားနေတဲ့ အသက်ရှူပုံတွေ ၊

လမ်းမပေါ်ရောက်နေတဲ့ မျက်ခုံးစင်္ကြံတွေ ၊

သွား ၊ သွား ချင်းပွတ်ကြွတ်သံတွေ ကြားမှာပဲ

ဝင်းခနဲ အငွေ့ပျံခဲ့ရတယ် ။

လျော့ရဲရဲ ခိုင်မြဲတဲ့ လက်အစုံကြားမှာ

လူလားမြောက်ခဲ့တဲ့ ကျွန်တော်

ခေတ်ပေါ် မျက်နှာဖုံးတွေကြားမှာ

ရှေ့ မတိုးသာ နောက်မဆုတ်သာနဲ့ပေါ့ ။

မီးတောက်တဖက် ၊ ရေစင်တဖက်

ကမ်းလှမ်းလာတဲ့ ခပ်ကြမ်းကြမ်းလက်တွေ

ကျွန်တော်ဖမ်းဆုပ်မိတာ

ဓားဦးလား ၊ ဓားနှောင့်လား

မကွဲပြားတော့ဘူး ။

ကောက်ရိုးတွေ ၊ ထိုးဝါးတွေ အလယ်မှာ

ကျွန်တော် မျက်စိမှုန်နေရပြီ ။

ဖုန်အထပ်ထပ်နဲ့ ကတ္တီပါဖိနပ်လေး

မြေတွေတိုက်စားလို့ သဲကြိုးတွေပြုတ်ထွက်

ကျွန်တော်လည်း .....

ခြေဗလာနဲ့ လမ်းလျှောက်တတ်အောင် ကျင့်နေရပေါ့ ။

လမ်းလျှောက်ခါစ ကျွန်တော် ၊

လမ်းပျောက်ခါစ ကျွန်တော် ၊

လူချင်းတူပေမယ့်

မူချင်းတော့ ကွဲခဲ့ ၊

ကျွန်တော် အရင်ကလို မပျော်မွေ့တော့ဘူး ။

လောကဓံတွေ ..... .....

မညှာမတာ နင်းခြေလိုက်ကြတာ

ကုန်းကောက်စရာဆိုလို့ ခြေထောက်အောက်က

အရိပ်လေးတောင် တွန့်လိမ်နေပြီ ။

ဒိုင်ခွက် ပြုတ်ထွက်နေတဲ့

ကျွန်တော့် နှိုးစက်နာရီအိုလေး ၊

အသံမြည်အောင်လဲ မနှိုးတတ်တော့ .....

တော်တော်ကြာခဲ့ပြီ ။

အနီရောင်ဖဲသားနဲ့ ခေါင်းအုံးစွပ်လေး

ခုတော့လည်း ချေးညှော်အထပ်ထပ်နဲ့

တခါထက်မက ချော်လဲ ၊

မေ့မေ့ပျောက်ပျောက် ရှိမယ်ကြံတိုင်း

မေ့မေ့ပျောက်ပျောက် ..... ..... ......

..... ..... ..... ..... ရှိမယ်ကြံလိုက်တိုင်း ။

မိုးရာသီဖက်ရှင်နဲ့ မရင်းနှီးသေးခင်

ခေါင်းကိုလဲ လုံအောင် မခြုံနိုင်ခဲ့ ၊

ညာဘက်ခြေမလေးတောင်

ခလုတ်တိုက်ဖန်များလို့

ခြေသည်းပြည့်ပြည့် မ၀တ်ရတာကြာလှပေါ့ .....

သုညတစ်လုံးကိုတောင် လိပ်ပတ်လည်အောင်

မကြည့်တတ်သေးတဲ့ ကျွန်တော်

အရွယ်ရောက်ပြန်တော့လည်း

ဘယ်ဘက်ရင်အုံမှာ အမှန်ခြစ်တစ်ခုစာလေးတောင်

ခြေချစရာနေရာလွတ် မကျန်တော့ဘူး ။

ဘောင်းဘီထဲ ထိုးထိုးထည့်ထားတတ်တဲ့

ဝတ်လက်စ မီးခိုးရောင် အင်္ကျီလေး

နွေခေါင်ခေါင်မှာ လမ်းတွေခြောက်သွေ့လို့

ပက်ကြားအက်တွေထဲ ပြုတ်ပြုတ်ကျ ၊

လက်မောင်းတစ်ဖက်တောင် ချုပ်ရိုးပြည်နေပြီ ။

လက်ဆုပ်လက်ကိုင် ပြစရာမရှိလို့

မှောက်ရက်ချထားတဲ့ လက်ဖ၀ါးကိုမှ

ပိုင်စိုးပိုင်နင်းနဲ့ ဆွဲယူလှန်လှော

ကြည့်ချင်ကြတဲ့ လူတွေအလယ်မှာ

ကျွန်တော်တယောက်တည်း ....

မှောက်ချည်တခါ လှန်ချည်တခါနဲ့

လက်တွေတောင် ကျိုးကြေမွခဲ့ရတာလဲ အခါပေါင်းမနည်း ။

လက်မှာပတ်ထားတဲ့ လက်ပတ်လေးတောင်

လည်ပတ်ရဖန်များလို့ အဖျားအနားတွေဖွာ

အရောင်တွေလွင့်နဲ့ မသေသပ်တော့ဘူး ။

ဒါပေမယ့် ..... ခုထက်ထိတော့

တမြတ်တနိုး ၀တ်ဆင်ထားဆဲပါပဲ ။

ရာသီဥတုနဲ့ မဆိုင်အောင် ခြုံအိပ်ဖူးတဲ့

ကွက်ကျား ကွက်ကျား ဆက်ထည်ခြုံစောင်လေး

အပေါက်အပြဲတွေ ဗလပွနဲ့

ပြန်ဖာထေးပေးဖို့ အပ်ဖျားတွေတောင်

ခိုက်ခိုက်တုန်နေရပြီ ။

ကျွန်တော်ကိုယ်တိုင်တောင် မ၀ံ့ရဲတော့ဘူး ။

ခါးထစ်ခွင်ထက်မှာ ရယ်မောပျော်ရွှင်တတ်တဲ့

ကျွန်တော် ..... ..... ..... ..... .....

ခါးစောင်းတင်ဖို့ ကြိုးစားနေတဲ့

ကျွန်တော် ..... ..... ..... ..... .....

တခါတခါ လမ်းမြင်ရက်နဲ့

လမ်းပျောက်နေတတ်တယ် ။

မိုးခါးရေဆိုတာကိုလည်း

တစ်ကျိုက် ၊ နှစ်ကျိုက်လောက်တော့

သောက်သုံးခဲ့ဖူးပါရဲ့  ။

ခွက်ထဲက လက်ကျန်အရည်တချို့ 

ခါးမယ် ၊ ချိုမယ် ။

ကျွန်တော် မသေချာဘူး ။

ငှဲ့လိုက်ကတည်းက မျက်နှာလွှဲပြီး

လက်လှမ်းမှီသလို ငှဲ့ခဲ့မိတာ .....

( မိုးခါးရေတော့ ထပ်မဖြစ်လောက်ပါဘူး )

ထွေရာလေးပါး စကားဝိုင်းတွေထဲကနေ

အမှတ်တမဲ့ ခုန်ခုန်ထွက်လာတတ်တဲ့

ကိန်းဂဏန်း အပေါင်းအနှုတ်တျွေ

အခန့်မသင့်တိုင်း ကျွန်တော့်ကို

ကိုက်ခဲလိုက်ကြတာ .....

ကြာလာတော့ စကားသံကြားတာတောင်

ခြောက်ခြားတတ်လာပြီ ။

ကျောပိုးအိတ်ဟောင်းလေးထဲမှာ

ထိုးသိပ်ခြေမွပြီး ထည့်ထားရတဲ့

အမာရွတ်တွေ ..... အမာရွတ်တွေလေ

ကျောင်းစာအုပ်တွေထားဖို့ နေရာလေးတောင်

မရှိရှာတော့ဘူး ။

ဒီလိုပါပဲ ။

အခုတော့လည်း

ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်း

ကိုယ့်ခြေထောက်တွေကိုယ် ပြန်ထူထားရ

နာလန်ထစ ဦးနှောက်က

ဓာတ်စာတွေ အန်ထုတ်ရင်း

ကိုယ့်ကိုကိုယ် ပြန်ချည်ထားရ

နောက်ဆုံးတော့လည်း

ဒီလိုပါပဲ ။

စိမ်း

ကျွန်တော့်အဘွား ၇ နှစ်ပြည့် အမှတ်တရ ကဗျာလေးပါဗျာ ။

0 Comments:

Post a Comment