ညသည် အေးစက်နေသည်
လမ်းပြတတ်သော ဝတ်ရုံတို့ဖြင့်
ငါ့ကို . . . ခြုံပါ
ထိုလက်ဖဝါးတစ်စုံဖြင့်
ငါ . . . ဖူးပွင့်ချင်ပါသည်

အပိုင်းအကန့်တွေ ဖြတ်တောက်
စည်းမျဉ်းဘောင် ပျောက်တဲ့နေ့ကို မရောက်လည်း
လန်းသစ်ခဲ့ ငါ့ပန်းရုံလွှာ
နင့်အတွက်သာ နွေးထွေး
ငါ့ အနာဂါတ်ကို ပေးချင်တယ် . . .

မြူခိုးသော နွေရာသီများ၊ ဒီဇင်ဘာ နှင်းများ
လူသူအရောက်ပေါက်နည်းသော
ငါ့မှတ်တိုင်လေးမှာ
အေးမြသော ရေကြည်လက်နှင့် နင့်ကို ကြိုနေပါမည်

ဖြစ်နိုင်မယ်ဆိုရင်
သဲကန္တာရမှာလည်း
ဥယျာဉ်ဖြစ်အောင် ဖန်ဆင်း
နင့်အတွက် ပျိုးခင်းလေးတွေ သင်းစေမယ်

ကဗ်ာသံ ၊ အလကာၤသံ
အိပ်မက်တို့ ပွင့်ဖူး . . . အနာဂါတ်တို့ လွင့်သုန်
နက်ဖြန်ခါတိုင်းမှာ ဆုံချင်တယ်

ချိုရီမွှေးမြ ထာဝရပွင့်ဝေ
ငါ့သစ္စာရောင် ကျမ်းစာပိုဒ်ကြား
နင့်အသံတွေ နားခိုပါတော့ . . .
(သောတ + အိပ်မက်ဖြူ)


(ထိုသို့ဖြင့် လျှောက်ခဲ့သော လမ်းတို့သည် ကြမ်း၏ ၊နူးညံ့၏ ၊ ညွှတ်ကွင်းတို့ ရှိ၏ ၊ မာယာဖွဲ့ လောကမှာမှ ကျွန်တော်နှင့် မီးအိမ်ကလေးတို့၏ လမ်းသည် ဆုံမှတ်တစ်ခုစာကို ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ဖြင့် ကျွန်တော်နှင့် မီးအိမ်ကလေး ၊ မီးအိမ်ကလေးနှင့်ကျွန်တော် နက်ဖြန်ခါပေါင်းများစွာကို လှမ်းလျှောက်နေပါဦးမည်။)
(ချစ်သူသက်တမ်း (၁) နှစ်ပြည့် အမှတ်တရ)

ဟန်နီ

ကမ္ဘာကြီး လုံးဝန်းတာငါယုံပြီ

မင်းနဲ့ငါ မဆုံနိုင်တော့တဲ့စက်ဝန်းထဲ…



အဲဒီညကတော့

မင်းက ဘလောက်စ်အနီရောင်လေးဝတ်လို့

ငါက ကမ္ဘာကြီးကိုချစ်တယ်လို့

ကတ္တရာလမ်းပေါ်ကနေ

ကယောင်ကတမ်းအော်နေတုန်း…



ငါသိပ်ချစ်တဲ့ သူငယ်ချင်းတွေကို

လမ်းဆုံလမ်းခွမှာငါထားခဲ့တယ်…



ငါကမင်းရဲ့အရိပ်တွေ

သက်ဝင်လှုပ်ရှားနေမယ့်

သက္ကရ်ာဇ်တွေထဲငေးလို့



ငါစဉ်းစားမိတယ်…

ငါက ဘ၀မှာနေရဲတယ် သေရဲတယ်

တော်လှန်ရေးလုပ်ရဲတယ်

ဒီမိုကရေစီကို ယုံကြည်ရဲတယ်

ဗုဒ္ဒဘာသာကို သက်ဝင်ရဲတယ်..



ငါ့ဦးခေါင်းအထက်အရပ်မှာ

ဘယ်သတ္တ၀ါမှမရှိစေရလို့

ငါကြွေးကြော်ရဲတယ်….



ဒါပေမယ့်

ငါဟာ သူရဲဘောနည်းသူပါ…ဟန်နီ

သွေးကြောထဲကို

အယ်ကိုဟောလေးနည်းနည်းဝင်မှ

မိန်းမတစ်ယောက်ကို ချစ်တယ်လို့

ကိုယ့်ကိုယ်ကို ၀န်ခံရဲတဲ့သူ…



အဲဒီမိန်းမတစ်ယောက်ဟာ

မင်းပဲ …



ဟန်နီ

မင်းက ငါ့အတွက်တော့

ကီလီယိုပက်ထရာ

ဒါမှမဟုတ်

ကက်သရင်းဇီတာဂျုံး

မင်းဟာ

ငါ့အတွက်တော့

ဘရစ်တနီစပီးယား

ပြီးတော့

အငြိမ့်မင်းသမီးလေး…နှင်း..။



မင်းဟာ

ခွေးတွေကိုပဲချစ်တတ်တဲ့

ရှာရာပိုဗာမဖြစ်ခဲ့တာ ငါဝမ်းသာတယ်

မင်းဟာ နန်းမတော်မယ်နု

မဖြစ်ခဲ့တာငါဝမ်းသာတယ်

မင်းဟာ

မေရီအင်တွိုင်းနက်မဖြစ်ခဲ့တာ

ငါဝမ်းသာတယ်

မင်းဟာ မာဂရက်သက်ချာ မဖြစ်ခဲ့တာ

ငါဝမ်းသာတယ်…



မင်းဟာ ငါချစ်တဲ့ ဟန်နီပါ…

ငါ့ထက် အသက်နှစ်ဆယ်ပိုကြီးသူ

ဆေးရောင်ခြည်ထားတဲ့ လက်သည်းချွှန်ချွှန်တွေနဲ့

ငါ့လက်ကောက်ဝတ်ကို ထိုးဆွတတ်တဲ့သူ

မင်းနဲ့ပက်သက်တဲ့ ငါ့အမှတ်အသားတွေအတွက်

သဘောကျကျေနပ်တတ်သူ…



ဗီးနပ်စ် လို မင်းပြုံးပြတဲ့

ညနေခင်းတွေကို

ငါ့ရင်ထဲမှာထုပ်ပိုးထားတယ်

ကမ္ဘာတစ်ခုလုံးစာပေါ့…

သွေးကြောထဲက အနမ်းတွေ

အကြွေးပြန်ပေးဖို့အတွက်

ဟန်နီ

မင်းနဲ့အတူ သံသရာလည်ရမှာကိုပဲ

ငါချစ်တယ်….


မိုးလှိုင်ည

ဒီညသောက်ရမှ ဖြစ်မှာ
ကိုယ့်ဖြစ်တည်မှုဆီ ကိုယ်ပြန်လျှောက်နိုင်ဖို့
ဒီညသောက်ရမှ ဖြစ်မှာ....
သောက်လို့သေတဲ့လူတွေအကြောင်း ပြောဆိုငိုကြွေးနိုင်ဖို့
ဒီညသောက်ရမှာဖြစ်မှာ…
ဟိုတစ်လောလေးကမှ ဘယ်ဘက်ရင်အုံမှာ ကွက်ကြားရွာသွားတဲ့
အက်ဆစ်မိုးအကြောင်း ရယ်ရယ်မောမောပြန်ပြောနိုင်ဖို့
ဒီညသောက်ရမှဖြစ်မှာ....
အသည်ဲးကွဲလို့မဟုတ်ဘူးနော်.........
လောကမာယာနဲ့ လောကသစ္စာ ကွဲပြားချင်လို့....
ဌာန်ကုန်အောင် မမူးမချင်း..မပြန်ကြေးနော်...ဘော်ဒါတို့

သောက်ချင်တာတော့ Red Label ..... Black Label ပေါ့
ရပါတယ်... ကဗျာနဲ့သာမြည်းရရင်
B.E နဲ့လည်း ရပါတယ်.....။
ဘယ်သူတွေပါမလဲ...ဟုတ်လား...
ခင်ဗျားဘော်ဒါကြီးလေ..ဟိုလူ...
ဒုက္ခအထူကြီးနဲ့ ရူးနေတဲ့လူ....မောင်ဇာတိ...
အဲ့လူက သေတမ်းစာတွေ ...ရှင်တမ်းစာတွေနဲ့ ရှုပ်နေတာ...
ခင်ဗျားမသိတဲ့ Update သတင်းက
ဒီလူ...တစ်ခါတစ်ရံ...အဓိပတိကို ပိုက်ဆံမပေးပဲစီးတတ်တယ်ဆိုတာ...
ဘယ်လိုသိလဲမမေးနဲ့....
ကျွန်တော်ပါစီးခဲ့လို့ သိတာ.....။

နောက်ထပ်ရော......

စကားလုံးသိပ်အဖမ်းကောင်းတဲ့
ပို့စ်မော်ဒန်မြေခွေးတစ်ကောင်ပါသေးတယ်.....
ဟိုတလောလေးကမှ Melody World မှာ
ပထမရသွားတဲ့...ဝါဝါလေ....သူရဿဝါ....
အသံကတော့ရှယ်ဗျာ..
ကြားကြားချင်း သနားလို့ မျက်ရည်တောင် ဝိုင်းမိပါ့

သိပ်ပါရမီအခံကောင်းတဲ့လူ။

နောက်တစ်ယောက်က .... ကျွန်တော့်ကို
ရာစုသစ်ရဲ့ နတ်ဘုရားကြီး အရိပ်အောက်က
လွတ်မြောက်စေချင်တဲ့.... ကိုငတိ
" အချစ်သည် Body Weight နှင့် သက်ဆိုင်သည်" ဆိုတဲ့
သီအိုရီ ထုတ်ပြန်သွားနိုင်တဲ့ ပညာရှိကြီးပေါ့။

နောက်ပြီးတော့ ...ဟိုလူ..ဖြူဖြူနဲ့ ပူပူကြီးလေ
ဘုရင်ခေတ်က ကျန်ခဲ့တဲ့ ယွန်းဘူး အသစ်ကြီး
ဒီလူကြီးက ကိုယ်ဝန်ကသာ လေးလရှိတာ
ဗိုက်ကြီး ရှေ့ချပြီး ပါဖောင်းမန့်အကြောင်းတွေးတာ
တယ်တော်ဗျ

ထူးဆန်းတာတစ်ခုက နာမည်မှာ အရောင်တွေပါတဲ့လူ
"ညီစိမ်း"ဆိုလား " နတ်စိမ်း" ဆိုလား..
"သိုးမဲ" ဆိုလား "အိုးကွဲ" ဆိုလား..
ဒီလူက လန်ဒန်ကလွဲရင် ရွှေပတ်ပဲသောက်တတ်တယ်လို့
ကြုံးဝါးတတ်သေး..
ပြီးတော့ ပြောသေးတယ်
အသဲမကွဲဖူးသေးလို့တဲ့…. ယုံရမှာတော့ ခပ်ခက်ခက်ရယ်...

နောက်ပြီး.... ကဗျာရေးရှည်သလောက် အရပ်လေးတိုနေတဲ့ "လင်းရမ္မာ"
ကဗျာရေးတော်သလို အဟောက်တော်တဲ့ "ရိုးရာ"
ကဗျာရေးပျင်းသလို စာကျက်ပျင်းတဲ့ "သောတ"
ဒီညတော့ ဒီလောက်ပဲပါမယ်...။

သောက်တာလည်း သောက်ပေါ့ဗျာ...
ပါးစပ်နဲ့ မပြောဘဲ ရင်ဘတ်နဲ့ ပြောရအောင်
ရေချိန်လွန်အောင် ချစ်မိခဲ့တဲ့ နောက်ဆုံးကြယ်ပွင့်လေးအကြောင်း
မော်ဒန်ကဗျာတွေအကြောင်း ၊ ဖြစ်တည်မှု ပဓာနဝါဒီအကြောင်း
ရသပျက်နေတဲ့ ညနေခင်းတွေအကြောင်း
အရက်နာကျတော့မယ့် မနက်ဖြန်မနက်ခင်းအကြောင်း
ငိုမယ့်သူရှိတုန်း စောစောသေရင်ကောင်းမယ့်အကြောင်း
ကိုကြက်သွန်ရဲ့ ဘဒ္ဒါလေးအကြောင်း ...
ကိုကြီးဇာတိရေ.........
သစ္စာရှိသူရော... သစ္စာမဲ့သူရောအတွက်
ဘုရားသခင်ရဲ့ စီရင်ချက်က အတူတူပဲလားဗျာ..

ဗျာ......ကဗျာဝါဒ

ကိုယ်ရေးတတ်သလိုရေးတာ ဝါဒလို့ အမည်မတပ်ဝံ့ပါဘူး..
ဘောင်တစ်ခုထဲဝင်နေရမှာ
လက်ရေးတွေ အသက်ရှုကျပ်လို့ပါ။
ဘာပဲဖြစ်ဖြစ်လေ..... ကဗျာမမည်တောင်
ရေးနေရတာပျော်ပါတယ်။

သံချပ်ကာအကြောင်း ...ဟုတ်လား...
ကျွန်တော်သာဆို မဝတ်ဘူးဗျာ...
ဓါးမလာခင် အရင်လေးနေရတာ ..ပိုနာတယ်...
ဗျာ.....ဟုတ်လား..
တစ်ချို့ဓါးသွားတွေက ပါးပါးလေးနဲ့ တစ်ဘဝစာရှတယ်....ဟုတ်ကဲ့
ကျွန်တော် မရင့်ကျက်သေးလို့ပါ...။

ကဲ....မူးသင့်သလောက်လည်း မူးပြီဗျာ...
သောက်ရတာပျင်းလို့ တစ်ပွဲလောက်ကစားရအောင်
ကဗျာချစ်တဲ့လူ..အဝေးပြေးလမ်းမပေါ်..
ကန့်လန့်သွားအိပ်ကြေး

သြော်...ဟုတ်ကဲ့..ဟုတ်ကဲ့
ကျွန်တော် မူးလို့ လွတ်သွားတယ်....
မကြံကောင်း မစည်ရာတွေပါ....ဟုတ်ကဲ့

ရေချိန်လွန်ခြေလှမ်းတွေနဲ့ ဒီဝိုင်းလေး
သိမ်းလိုက်ကြရအောင်.....
အမှတ်တရပေါ့ဗျာ...ရပ်ကွက် အော်ဆဲကြည့်ရအောင်
"မိုက်တဲ့ကောင်ထွက်ခဲ့ကွ.... မင်းတို့ထက်မိုက်လို့
ကဗျာ ဆရာလုပ်နေတာ" ၊၊ ၊၊

( ဤအက်ဆေးတွင် ခင်ဗျားတို့နှင့် ကျွန်တော် အတူတူပင်ဖြစ်ပါသည်. ငါ၊
သူတစ်ပါး၊ယောက်ျား၊ မိန်းမ၊ ဘုန်းကြီး၊မယ်သီလရှင်၊ မခွဲကြေးဗျာ...။
ခင်မင်သောအားဖြင့် ကျီစားပါ၏..။အမျက်အဤတစ်စေ့မရှိ.. ချစ်သောမျက်စိဖြင့်
ရှုကြရစေ၏..။ ;) )

ကြိုတင်သိနှင့်ပြီးသားတွေပါ၊ မသိခြင်းက လွဲရင်ပေါ့၊
နာရီတွေသာကုန်သွားတယ်၊ အချိန်နှင့်အမျှ...၊
ရိုလာကိုစတာစီးခရီးသည် ပါပဲ၊
အတည်စွမ်းအင် နဲ့ အရွေ့စွမ်းအင်၊ သို့ပေမယ့်... `ထပ်´၊
နာမည် မပေးပါနဲ့၊ နာမည်လည်းမတပ်ပါနဲ့၊
မည်သူမဆို မပုန်းအောင်းနိုင်ပါဘူး၊
အဆုံးဟာ အစကတည်းက တဖက်သတ်စိမ့်ငင်နည်းနဲ့ ယိုစိမ့်ခဲ့တယ်၊
ဒီအရပ်ရဲ့ ဒီဇာတ်ဟာ အမြန်လမ်းမ(ကမ္ဘာ့အမြန်လမ်းမ)ပေါ်မှာ အနှေးကွက်နဲ့ ကပြသွားတယ်၊
မဖြစ်နိုင်ဘူး ထင်ချင်ထင်ရမယ့် ဖြစ်နိုင်ချေတွေ...၊
သေဆုံးခြင်းဟာ လောင်းကြေးမဟုတ်ဘူး၊
လောင်းကြေးမဖွင့်တဲ့ ကစားနည်းမှာ သေဆုံးခြင်း၏နောက်ကွယ်မှ...
ရှင်သန်ခြင်း၏ နောက်ပိုင်းဖြစ်စဉ် မတိုင်ခင် ရှေ့ပိုင်းဖြစ်စဉ် ရှာဖွေဖော်ထုတ်နိုင်မှု၊
သူတို့ ဟာ အရေးမပါကြဘူးလား၊ ဖြစ်ပါတယ်၊
သူတို့အရေးတော့ ပါကြတာပဲလား၊ ဖြစ်နိုင်ပါတယ်၊
ဇီဝဖြစ်စဉ်တွေရဲ့ သိသာစွာကွဲပြားကွာဟခြင်း မသိမသာတွေပါပဲ၊
နာမည်တစ်လုံးရော လျှို့ဝှက်ကုဒ်ပါ အက္ခရာတွေချည်း၊
အတည်ပြုခြင်းမခံရ သေးသရွေ့ ၀င်ခွင့်မရှိ၊
ပြေးပိုင်ခွင့်ဟာ မည်သူမဆိုလုပ်ပိုင်ခွင့် ရှိသော်ငြားလည်း...
အဘယ့်ကြောင့် ပါနည်း၊ ဒီပြေးလမ်းမှာ ဒီမှတ်တမ်းကို တင်နိုင်မှာတဲ့လား၊
အသေအပျောက်စာရင်းကို သေမင်းထံမှာ ဖျောင်ပစ်ကြမယ်တဲ့၊
ကင်မရာတစ်လုံးတည်းဖြင့် ကမ္ဘာကျော်သွားလေရဲ့၊
သူ့ပြေးလမ်းအမှတ်(xxx)ပွင့်ပါပြီ....။ ။

"စက်တင်ဘာ၏ အငွေ့ ပျံရခြင်းအကြောင်းအရင်း"


















မလိုတော့ပါဘူး…
နဖူးပြင်ထက်က အနမ်းတချက်နဲ့ 
ခါးသက်သက် ပျက်ယောင်ပြုမှုတွေ…

မိုးလင်းပေါက်ဆန္ဒပြဖူးခဲ့တဲ့ နင့်ခြေသံတွေအတွက်
ငါ့အဆောင်ရှေ့က စွယ်တော်ပွင့်ကလေးကတော့
မခို့ တယို့ လှောင်ပြုံးတယ်

နင်ပေးခဲ့တဲ့ အချစ်ဦး ဆိုတဲ့ ဂုဏ်တရပ်နဲ့ တင်
ငါ့ကိုယ်ငါ သတ်ကွင်းထဲ ခြေစုံပစ်ဝင်မိခဲ့ရတာ..
အခုတော့ ငါ့အိပ်မက်တွေ တောင် ခမ်းလို့ ခြောက်လို့ …

အနယ်ထိုင်တာ မဟုတ်ခဲ့တောင်
အနေကြာသွားခဲ့ပြီပဲ…
နင်နဲ့ ဝေးကွာမှုဟာ..
ငါ့အတွက်တော့ ကောင်းခြင်းမင်္ဂလာတပါး ဖြစ်လေရဲ့ …

စိတ်အတွေးတွေ ကို ဆေးခြယ်မိတိုင်း
နင့်အကြောင်းတွေကို ခပ်ဝေးဝေးမှာ
သွားပုံထားတတ်ခဲ့တယ်…
မလွမ်းချင် လွမ်းချင်နဲ့ တောင် မလွမ်းဘူး
အလွမ်းတွေ က ငါ့ကိုကျိန်ဆဲတတ်လို့ …

မလိုတော့ပါဘူး…
နင့်အတ္တတွေနဲ့ နင့်ကို
နေသားတကျ ငါမြင်လိုက်ရတဲ့အခါ…

မလိုတော့ပါဘူး…
အညှီအဟောက်ဆန်တဲ့ နင့်အပြုံးတွေ
ဟိုးအရင်လို မဖြူစင်ကြတော့တဲ့အခါ….

မလိုတော့ပါဘူး…
ချစ်သူမဆန် တတ်တဲ့ နင့်ရည်းစားခေါင်းစဉ်တပ်တွေ
ငါ့မျက်ဝန်းထဲ ကိုးလိုးကန့် လန့် 
ခလုတ်လာတိုက်ပြတတ်ကြတဲ့ အထာ…

ဒါတွေ အားလုံးပဲ မလိုတော့ပါဘူး..
စက်တင်ဘာရဲ့ မိုးတစက်လို ပေါ့ပျက်ပျက် အတွေးတွေနဲ့ 
ငါ့စကားလုံးတွေ ခံစားမှုတွေ
လုပ်ကြံခံခဲ့ ရတဲ့ ခဏမှာတင်…
အရာအားလုံး…
အငွေ့ ပျံသွားခဲ့တာ….

ကြာပြီ…။ ။

စိတ်




မမေ့နိုင်သေးတဲ့ အရသာ တစ်ခု
အနံမွှေးမွှေး နက်စ် ကော်ဖီတစ်ခွက်
ငါမသောက်ဖြစ်ခဲ့တာ
ငါ့အိမ်မက်တွေ ကမ္ဘာတစ်ဖက်ခြမ်းမှာ
အထပ်လိုက် ဆွေးနေကတည်းက . . . .

သတိရခြင်းတွေ များနေတဲ့စိတ်
ခဏခဏ သိမ်းဝှက်ရလွန်းလို့
ငါ့စိတ်နဲ့ ငါတောင်
အတိတ်ရဲ့ အရိပ်တွေမှာ
နေ့ နေ့ . . . ည ည
သဟဇာတ မဖြစ်ခဲ့ဘူး ။

ငါခုန်ချလိုက်တဲ့ အနာဂတ်တွင်းနက်
နေရာတိုင်းမှာ အချိုးအစား မညီဘူး
လျှောက်နေရတဲ့ တစ်မျှော်တစ်ခေါ်
ကမ်းပါး စောက်နက်လမ်း
ပွန်းပဲ့မှုတွေ များလွန်းလို့
မင်းကို ကမ်းမယ့် ငါ့လက်တွေ
ခုတ်ဖြတ် . . . .
နှုတ်နဲ့တောင် မခေါ်ရက်ခဲ့ဘူး . . . .

မင်းအတွက် ပေးဆပ်ချင်တဲ့
ခမ်းနားထည်ဝါမှု သမိုင်းအဟောင်းတွေ
ငါ့အရှေ့က ဥသြသံပေး ထွတ်ခွါသွားတာ
ကမ္ဘာ တစ်ပတ်တောင် ပြည့်လောက်ရောပေါ့
ပြန်ဆိုက်လာဖို့ ငါ့ဘူတာ . . .
သူတို့ ရှာမတွေ့ခဲ့ကြဘူး ။

ယုံကြည်ချက် . . .
တစ်နေ့တစ်လံ ပုဂံဆီလဲ မပြေးဘူး
ငါ့လမ်း ငါလျှောက်
ကုန်းကောက်စရာ မရှိတော့ရင်တောင်
မင်းအတွက်ပေးဖို့
သစ္စာနဲ့ မေတ္တာ
ငါ့မှာ ကျန်ပါသေးတယ် . . . . .

ငါနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ
စားပွဲထိုးလေးတစ်ချို့နဲ့
လူကြီးမင်း သားသမီးတစ်ချို့လဲရှိတယ်

ငါနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ
လမ်းသစ်ဖောက်တဲ့လူငယ်တွေနဲ့
Ready made လမ်းတွေလျှောက်တဲ့ လူငယ်တွေလဲရှိတယ်

အနာဂတ်ရဲ့ ပွင့်သစ်တွေအတွက်
ကြွေပေးလိုက်တဲ့ လူတွေအသိမှတ်မပြုတဲ့
အပြာရောင် ပန်းပွင့်တွေလည်းရှိတယ်ဲ့

်ငါ့နေထိုင်တဲ့ပတ်ဝန်းကျင်မှာ
ကမ္ဘာတောင်မီးမလောင်သေးဘူး
သားကောင်လိုသဘောထား အစိမ်းလိုက်တောင်ဝါးစားမဲ့
နောက်ဆုံးပေါ်မိခင်လောင်း တစ်ချို့လဲရှိနေတယ်

ငါနေထိုင်တဲ့ပတ်ဝန်းကျင်မှာ
ညဉ့်ငှက်လေးတစ်ကောင်နဲ့
နေ့ဘက်ကြီးလျှောက်သွားတတ်တဲ့
အကောင်းစားတံဆိပ်ကပ် လူကြီးမင်းတစ်ချို့လဲရှိတယ်

ငါ့နေထိုင်တဲ့ပတ်ဝန်းကျင်မှာ
အပြုံးတုတွေနဲ့ ၀န်ဆောင်မှုပေးတဲ့
နာမည်ကျော်လူမှုဆက်ဆံရေး လုပ်ငန်းတွေရှိတယ်

ငါနေထိုင်တဲ့ပတ်ဝန်းကျင်မှာ
အသပြာခင်းရင် သေသူတွေရှင်နိုင်တဲ့
အထူးတွေကုတဲ့ ဖိတ်ဖတ်တောက် ဆေးခန်းတွေလဲ ရှိတယ်
(နိုက်တင်ဂေးလ်နဲ့ ဟင်နရီဒူးနန့်ရေ မငိုကြေးနော်)

ငါနေထိုင်တဲ့ပတ်ဝန်းကျင်မှာ
အတ္တတွေတစ်ပွေ့တစ်ပိုက်နဲ့
၆၀ကျော်တောင် ပင်စင်မယူချင်သေးတဲ့
ငါ့တရားငါပိုင်တဲ့ ငါ့ကိုယ်ငါစီရင်မဲ့
ငါမတရားသူကြီးတွေလဲ ရှိတယ်

ငါ့နေထိုင်တဲ့ပတ်ဝန်းကျင်မှာ
အမွေပြတ်စွန့်လွှတ်ခြင်းတွေနဲ့အတူ
ပိုင်ဆိုင်တာတွေခွဲဝေပေးဖို့တောင်းဆိုတဲ့
စာချုပ်တွေကိုင်ထားတဲ့ လူတစ်ချို့လဲရှိတယ်

ငါနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ
တစ်အိမ်သားလုံးရုန်းကန်
မှောင်ရီညအိုမှာ တေးဆိုနိုင်တဲ့
စိတ်ဓါတ်တွေ အေးချမ်းတဲ့ အခြေခံလူတန်းစားတွေလဲရှိတယ်

အို...ငါနေထိုင်တဲ့ပတ်ဝန်းကျင်မှာ
စာမစီနိုင်တဲ့ အကြောင်းရာတွေများလိုက်တာ
သတင်းစာပဲကောက်ဖတ်လိုက်တယ်
နောက်ဆုံးက အမှန်တရားကိုလှန်လိုက်တယ်
သင်္ခါရတဲ့...
အဲ့ဒိစာမျက်နှာမှာတောင် နာမည်နောက်မှာ
မသယ်ဆောင်သွားနိုင်တဲ့ သူပိုင်ဆိုင်ခဲ့ဘူးတာတွေရေးထားသေးတယ်

မနိုင်ဝန်ထမ်းထားရတဲ့ ပြယုဂ်တွေ

ကျွန်တော့် ပြတိုက်လေးနဲ့တောင်

ကောင်းကောင်း မဆန့်ရှာတော့ဘူး ။

အားပေးဖော်ဆိုလို့ ငယ်ငယ်လေးထဲက

မပျောက်ရှအောင် သိမ်းဆည်းထားခဲ့တဲ့

ပြဒါးကြွေကြည့်မှန်လေး တစ်ချပ်ပဲ ရှိတော့တယ် ။

ရင်ဘတ်မှာ တယုတယ ချိတ်ဆွဲဖူးတဲ့

ဖြူပြာကြား လက်ကိုင်ပုဝါလေး ၊

ခုတော့လည်း ..... ရောင်စုံ အမာရွတ်တွေနဲ့

နွမ်း ..... လျ ..... မွ ..... ကြေ ..... နေရှာပြီ ။

စိတ်ချလက်ချထားခဲ့တဲ့ ၇ နှစ်စာ မှတ်တမ်းမှာ

ဆေးစက်တွေ ၊ ဒဏ်ချက်တွေ ၊ မျက်ရည်တွေနဲ့

အရင်ကလို မစိမ်းလန်းတော့ဘူး ။

စာရွက်လှန်သလိုသာ ပြန်လှန်လို့ရကြေးဆို

သော့ပေါက်ထဲ ကျပျောက်သွားတဲ့

ကျွန်တော့် ရှေးဟောင်းနာရီလက်တံလေး ၊

ရေးလက်စ ခွေးတံဆိပ် ခဲတံလေး ၊

ခေါက်ထားတဲ့ ဗလာစာအုပ်ဟောင်းလေး ၊

စာရေးစားပွဲအိုလေးပေါ်မှာ ပြန်ထားထားချင်တယ် ။

ပြန်ထားချင်ရုံ သက်သက်ပါပဲ ။

မီးပူမတိုက်ရသေးတဲ့ ဖယောင်းသွင်းရုပ်လုံးကြွတွေ ၊

ပုံစံမှားနေတဲ့ အသက်ရှူပုံတွေ ၊

လမ်းမပေါ်ရောက်နေတဲ့ မျက်ခုံးစင်္ကြံတွေ ၊

သွား ၊ သွား ချင်းပွတ်ကြွတ်သံတွေ ကြားမှာပဲ

ဝင်းခနဲ အငွေ့ပျံခဲ့ရတယ် ။

လျော့ရဲရဲ ခိုင်မြဲတဲ့ လက်အစုံကြားမှာ

လူလားမြောက်ခဲ့တဲ့ ကျွန်တော်

ခေတ်ပေါ် မျက်နှာဖုံးတွေကြားမှာ

ရှေ့ မတိုးသာ နောက်မဆုတ်သာနဲ့ပေါ့ ။

မီးတောက်တဖက် ၊ ရေစင်တဖက်

ကမ်းလှမ်းလာတဲ့ ခပ်ကြမ်းကြမ်းလက်တွေ

ကျွန်တော်ဖမ်းဆုပ်မိတာ

ဓားဦးလား ၊ ဓားနှောင့်လား

မကွဲပြားတော့ဘူး ။

ကောက်ရိုးတွေ ၊ ထိုးဝါးတွေ အလယ်မှာ

ကျွန်တော် မျက်စိမှုန်နေရပြီ ။

ဖုန်အထပ်ထပ်နဲ့ ကတ္တီပါဖိနပ်လေး

မြေတွေတိုက်စားလို့ သဲကြိုးတွေပြုတ်ထွက်

ကျွန်တော်လည်း .....

ခြေဗလာနဲ့ လမ်းလျှောက်တတ်အောင် ကျင့်နေရပေါ့ ။

လမ်းလျှောက်ခါစ ကျွန်တော် ၊

လမ်းပျောက်ခါစ ကျွန်တော် ၊

လူချင်းတူပေမယ့်

မူချင်းတော့ ကွဲခဲ့ ၊

ကျွန်တော် အရင်ကလို မပျော်မွေ့တော့ဘူး ။

လောကဓံတွေ ..... .....

မညှာမတာ နင်းခြေလိုက်ကြတာ

ကုန်းကောက်စရာဆိုလို့ ခြေထောက်အောက်က

အရိပ်လေးတောင် တွန့်လိမ်နေပြီ ။

ဒိုင်ခွက် ပြုတ်ထွက်နေတဲ့

ကျွန်တော့် နှိုးစက်နာရီအိုလေး ၊

အသံမြည်အောင်လဲ မနှိုးတတ်တော့ .....

တော်တော်ကြာခဲ့ပြီ ။

အနီရောင်ဖဲသားနဲ့ ခေါင်းအုံးစွပ်လေး

ခုတော့လည်း ချေးညှော်အထပ်ထပ်နဲ့

တခါထက်မက ချော်လဲ ၊

မေ့မေ့ပျောက်ပျောက် ရှိမယ်ကြံတိုင်း

မေ့မေ့ပျောက်ပျောက် ..... ..... ......

..... ..... ..... ..... ရှိမယ်ကြံလိုက်တိုင်း ။

မိုးရာသီဖက်ရှင်နဲ့ မရင်းနှီးသေးခင်

ခေါင်းကိုလဲ လုံအောင် မခြုံနိုင်ခဲ့ ၊

ညာဘက်ခြေမလေးတောင်

ခလုတ်တိုက်ဖန်များလို့

ခြေသည်းပြည့်ပြည့် မ၀တ်ရတာကြာလှပေါ့ .....

သုညတစ်လုံးကိုတောင် လိပ်ပတ်လည်အောင်

မကြည့်တတ်သေးတဲ့ ကျွန်တော်

အရွယ်ရောက်ပြန်တော့လည်း

ဘယ်ဘက်ရင်အုံမှာ အမှန်ခြစ်တစ်ခုစာလေးတောင်

ခြေချစရာနေရာလွတ် မကျန်တော့ဘူး ။

ဘောင်းဘီထဲ ထိုးထိုးထည့်ထားတတ်တဲ့

ဝတ်လက်စ မီးခိုးရောင် အင်္ကျီလေး

နွေခေါင်ခေါင်မှာ လမ်းတွေခြောက်သွေ့လို့

ပက်ကြားအက်တွေထဲ ပြုတ်ပြုတ်ကျ ၊

လက်မောင်းတစ်ဖက်တောင် ချုပ်ရိုးပြည်နေပြီ ။

လက်ဆုပ်လက်ကိုင် ပြစရာမရှိလို့

မှောက်ရက်ချထားတဲ့ လက်ဖ၀ါးကိုမှ

ပိုင်စိုးပိုင်နင်းနဲ့ ဆွဲယူလှန်လှော

ကြည့်ချင်ကြတဲ့ လူတွေအလယ်မှာ

ကျွန်တော်တယောက်တည်း ....

မှောက်ချည်တခါ လှန်ချည်တခါနဲ့

လက်တွေတောင် ကျိုးကြေမွခဲ့ရတာလဲ အခါပေါင်းမနည်း ။

လက်မှာပတ်ထားတဲ့ လက်ပတ်လေးတောင်

လည်ပတ်ရဖန်များလို့ အဖျားအနားတွေဖွာ

အရောင်တွေလွင့်နဲ့ မသေသပ်တော့ဘူး ။

ဒါပေမယ့် ..... ခုထက်ထိတော့

တမြတ်တနိုး ၀တ်ဆင်ထားဆဲပါပဲ ။

ရာသီဥတုနဲ့ မဆိုင်အောင် ခြုံအိပ်ဖူးတဲ့

ကွက်ကျား ကွက်ကျား ဆက်ထည်ခြုံစောင်လေး

အပေါက်အပြဲတွေ ဗလပွနဲ့

ပြန်ဖာထေးပေးဖို့ အပ်ဖျားတွေတောင်

ခိုက်ခိုက်တုန်နေရပြီ ။

ကျွန်တော်ကိုယ်တိုင်တောင် မ၀ံ့ရဲတော့ဘူး ။

ခါးထစ်ခွင်ထက်မှာ ရယ်မောပျော်ရွှင်တတ်တဲ့

ကျွန်တော် ..... ..... ..... ..... .....

ခါးစောင်းတင်ဖို့ ကြိုးစားနေတဲ့

ကျွန်တော် ..... ..... ..... ..... .....

တခါတခါ လမ်းမြင်ရက်နဲ့

လမ်းပျောက်နေတတ်တယ် ။

မိုးခါးရေဆိုတာကိုလည်း

တစ်ကျိုက် ၊ နှစ်ကျိုက်လောက်တော့

သောက်သုံးခဲ့ဖူးပါရဲ့  ။

ခွက်ထဲက လက်ကျန်အရည်တချို့ 

ခါးမယ် ၊ ချိုမယ် ။

ကျွန်တော် မသေချာဘူး ။

ငှဲ့လိုက်ကတည်းက မျက်နှာလွှဲပြီး

လက်လှမ်းမှီသလို ငှဲ့ခဲ့မိတာ .....

( မိုးခါးရေတော့ ထပ်မဖြစ်လောက်ပါဘူး )

ထွေရာလေးပါး စကားဝိုင်းတွေထဲကနေ

အမှတ်တမဲ့ ခုန်ခုန်ထွက်လာတတ်တဲ့

ကိန်းဂဏန်း အပေါင်းအနှုတ်တျွေ

အခန့်မသင့်တိုင်း ကျွန်တော့်ကို

ကိုက်ခဲလိုက်ကြတာ .....

ကြာလာတော့ စကားသံကြားတာတောင်

ခြောက်ခြားတတ်လာပြီ ။

ကျောပိုးအိတ်ဟောင်းလေးထဲမှာ

ထိုးသိပ်ခြေမွပြီး ထည့်ထားရတဲ့

အမာရွတ်တွေ ..... အမာရွတ်တွေလေ

ကျောင်းစာအုပ်တွေထားဖို့ နေရာလေးတောင်

မရှိရှာတော့ဘူး ။

ဒီလိုပါပဲ ။

အခုတော့လည်း

ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်း

ကိုယ့်ခြေထောက်တွေကိုယ် ပြန်ထူထားရ

နာလန်ထစ ဦးနှောက်က

ဓာတ်စာတွေ အန်ထုတ်ရင်း

ကိုယ့်ကိုကိုယ် ပြန်ချည်ထားရ

နောက်ဆုံးတော့လည်း

ဒီလိုပါပဲ ။

စိမ်း

ကျွန်တော့်အဘွား ၇ နှစ်ပြည့် အမှတ်တရ ကဗျာလေးပါဗျာ ။

“ ဓာတ်ပုံလေး ထောင့်မှာ အမှောင်တွေ ငိုနေပြီ အမေ ”



နံရံထောင့်မှာ

လိုချင်တောင်းတမှုများစွာနဲ့ ကြည်နေ့တဲ့ မျက်လုံးတွေ

အမေ မကြောက်ပါနဲ့ လာပါ အမေ မကြောက်ပါနဲ့

အရှေ့ကို တိုးပါ

ဒီအထက် မှောင်စရာမရှိတော့ဘူး

ဒီထက် မှောင်ဖို့ဆိုတာ မရှိတော့ပါဘူး အမေ

သားအရှေ့ကိုတိုးပါ

အားမငယ်ပါနဲ့ ပြီးသွားခဲ့ပြီပဲ

အားလုံးကိုမေ့ပြစ်ထားလိုက်ပါ

ကိုယ့်မကောင်းမှုနဲ့ ကိုယ်မို့ သွားတာပါ

ကိုယ့်မကောင်းမှုနဲ့ ကိုယ်မို့ သွားတာပါ

ပြန်စရာလမ်းလဲ ထွေထွေထူးထူး မရှိတော့ပါဘူး

သွေးထွက်သံယို လမ်းတော့

သား လျှောက်မလာတော့ဘူး

အဝေးကြီးလဲ ထွက်မသွားပါနဲ့ဦး အမေ

နေနိုင်အောင် နေလိုက်ပါ

အမေ ဖယောင်းမီးလေးလဲ လာထွန်းပေးဦး

ချမ်းနေလား ဒါမှမဟုတ် ကြောက်နေလား

မကြောက်ပါနဲ့ အလင်းထဲမှာ နေပေးပါ အမေ

အမှောင်မကြောက်ပါနဲ့

သားလဲ မကြောက်ဘူး

အရှေ့ကိုတိုးပါ

အ ရှေ့ ကို တိုး လာ ပေး ပါ

မျက်စိလေး ခဏမှိတ်ထားလိုက် အမေ

ခဏဖြစ်ဖြစ် အရှေ့ကို တိုးလာပေးပါ အမေ

အေးချမ်းပါလေ့ အမေ

အေးချမ်းပါလေ့

“ အဲ့ဒီလို နှစ်သိမ့် ခွင့်ရချင်ပေမယ့် ငါ သာ ဓာတ်ပုံလေး တစ်ပုံ ဖြစ်မနေခဲ့ရင် ကောင်းမှာပဲကွယ် ”

 

နေလည်းကွယ်ပြီ ၊ လလည်းကွယ်ပြီ

 အလင်းအိပ်မှ

 လမ်းလျှောက်ဖို့ထွက်လာခဲ့တယ်

ဘယ်လိုလမ်းတွေလဲ

 ငါလည်းမလျှောက်ပဲ

 ငါ့ဆီကိုရောက်ရောက်လာနေကြ . . .

 ငါ့ဆီကိုရောက်ရောက်လာနေကြ . . .

 လမ်းပေါ်ကို ငါ့ကို ပစ်ချလိုက်တာ ဘယ်သူလည်း

 မနက်စာလား အရေးမပါတဲ့အလုပ်တွေလား

  ဖိနပ်တစ်ရံ မနက်ဖြန်ဆိုတပ်မက်မှုလား

 တစ်ခါတစ်ခါဆိုတာထက်မနည်း

ကိုယ်ပိုင်လွဲချော်ခွင့်နဲ့

တခုတ်တရ မေ့ထားလိုက်တဲ့အမှတ်ရမှုမျိုးတွေ

လုပ်ပိုင်ခွင့်တံဆိပ်ကပ် မတ်တပ်ရပ်နေတဲ့

ကျောက်ရုပ်တုကြီးက

ပြန်ပြီး ပြောပြတတ်သေးတယ်

 အခုတော့

မလှုပ်မယှက် သက္ကရ်ဇ်တွေဟာ

 ငါ့ဆီကိုရောက်ရောက်လာခဲ့ပေါ့

 အမှန်တော့ အမှားဖြစ်ခဲ့တာမဟုတ်ခြင်း

ပြောတိုင်းရရင် ရတိုင်းပြောချင်စိတ်

အလျော့တွက်လက်ခ လျှော့ချထားသောကဗျာတစ်ပုဒ်

မိုးဦးခေါင်၍ မိုးနှောင်းမရွာသော နွေရာသီ

အရာရာသည် ဖြစ်သည်

 ထိုသို့ မသော မဆင်မခြင်မှုများဖြင့် ငါများ

  အတ္တများ ရာဇ၀င်များ အလယ်

 ယောက်ယက်ခတ်နာကျင်မှုများဖြင့်

 အကောင်မြင်သော်လည်း အရိပ်မထင်သောကြောင့်

 နေပူချိန်ကို စောင့်နေပါသည်။

 

 

ကျွန်တော်မသိဘဲ … မိုးတွေရွာသွားတယ် … မကြည်ဖြူ

အသက်ရှူသံတိုးတိုးလေး
ကြားယောင်နေတယ်ကွယ်
တွေးလိုက်တိုင်း …
ပန်းတွေ တဖြည်းဖြည်း ပွင့်အံလာကြ …
ရနံ့တွေ တဖြည်းဖြည်း ပျံ့နှံ့လာကြ …
ကျွန်တော်ကတော့
တဖြည်းဖြည်းရင့်အိုလာရတဲ့ ပြက္ခဒိန်ထဲက
နေ့လေးတစ်နေ့ပါကွယ်
အဲဒီနေ့လေးထဲ …
ကျွန်တော်မသိဘဲ … မိုးတွေရွာသွားတယ်
… မကြည်ဖြူ

ဘယ်လိုညွှန်းဆိုရမလဲ
ခိုးကြောင်ခိုးဝှက် မိုးစက်တွေအောက်မှာ
နိမိတ်ပုံတွေ သေကုန်ကြပြီ
အဲဒီလို အနိဌါရုံ ထဲကိုမှ
အလွမ်းတွေ ထပ်မထည့်ပါနဲ့တော့လေ

ပြောရမယ်ဆိုရင်
ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်
ပန်းတွေတောင် အများကြီးပွင့်ခဲ့ကြပြီးပြီလေ
ဘယ်နက္ခတ်မှာပွင့်တဲ့ပန်းက
မင်းအလှကို အံတုနိုင်မှာမို့လဲ … မကြည်ဖြူ

“ကြည့် … အဲဒီလိုထပ်ပြုံးပြန်ပြီ”

မင်းအပြုံးအောက်မှာ
မိုးတွေအကြိမ်ကြိမ်ရွာတယ်
မိုးတွေအကြိမ်ကြိမ်ရွာ
အကြိမ်ကြိမ်မိုးရွာ
ဒီနေ့လည်းအသေအချာပေါ့ … မကြည်ဖြူ
ကျွန်တော်မသိပေမယ့်
တခမ်းတနားရွာသွားတယ်ဆိုတာ …

ကျွန်တော်သိပါတယ်
ဒီကဗျာဖတ်ပြီး
မကြည်ဖြူ တိတ်တိတ်လေးပြုံးနေမှာကို …
တပြိုင်တည်းမှာပဲ
ကျွန်တော်မသိအောင်
မိုးတွေက ရွာကြဦးမယ်လေ …
ဟုတ်တယ်မလား … မကြည်ဖြူ

အာဖရိက က
ကျောပြင်မည်းမည်းတွေပေါ်ကျနေတဲ့
မိုးစက်တွေကလည်း
မကြည်ဖြူ အပြုံးကြောင့်ပဲဖြစ်မှာပဲ
အိမ်ဖြူတော်ပေါ် မိုးဖွဲဖွဲလေးကျနေတာလည်း
အဲဒီအပြုံးကြောင့်ပဲဖြစ်မှာပဲ …
ကျွန်တော်ကတော့
မခွဲခြားခဲ့ပါဘူး
အခုထိလည်း
ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်

ထပ်ပြီးတော့ပြောရဦးမယ်
ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်။ ။

၁၉၈၀ ခုနှစ်အကျပ်အတည်းတွေ
ကျွန်တော်မသိဘူး.. အဖေ
ကျွန်တော်လူမမည်ပဲရှိသေးတာ…
၉၀ လွန်ကာလတွေမှာ မိသားစုအတွက်
အဖေ ပင်လယ်ထဲသွားမယ်ဆိုတော့
အထင်တကြီးမျက်ဝန်းတွေနဲ့
ဆွေမျိုးသားချင်းတွေ အလယ်မှာအဖေက
သူရဲကောင်းပဲ…
အဖေ ကျွန်တော့်လက်ကိုဆွဲပြီး
အမေ့အပေါ်မဆိုးဖို့မှာတယ်…
အဲဒီစကားကို ကျွန်တော်အခုထိမှတ်ထားတယ်အဖေ…။


အဖေပင်လယ်ထဲက ပြန်လာတော့
အပေါင်းအသင်းတွေနဲ့ မလေးရှားသွားဖို့
အဖေထပ်စီစဉ်လာတယ်…
မိသားစုအတွက် လက်ဆောင်တွေတစ်ပွေ့တစ်ပိုက်နဲ့
အဖေ့အသွေးအရောင်ဟာ ကျွန်တော်တို့နဲ့ မတူတော့တာ
မြင်နေရတယ်အဖေ…။


“ကလေးတွေအဖေက မလေးရှားမှာလို့”
အမေနှစ်တွေ အများကြီး ပြောရတယ်..အဖေ
ကျွန်တော်တို့ ကျောင်းအပ်တဲ့နေရာမှာ အမေပြောတယ်
သူ့မိတ်ဆွေအပေါင်းအသင်းအသစ်တွေနဲ့တွေ့ရင်ပြောတယ်
ကျွန်တော်တို့ဖျားလို့ ဆရာဝန်သွားပြရင်ပြောတယ်
ကျွန်တော်ရန်ဖြစ်လို့ ရဲစခန်းမှာ
လိုက်ထုတ်ရတဲ့အခါလည်း အမေပြောတယ်…။


အဲဒီစကားပြောတိုင်း အမေ့မျက်နှာမှာ
ခံစားမှုတွေ တစ်မျိုးပြီးတစ်မျိုးပြောင်းသွားတယ်
နောက်ဆုံးတော့ အဲဒီစကားကို
အမေ အသက်မပါပဲပြောတတ်ခဲ့တယ်…။
အဖေကတော့ မလေးရှားမှာ ဆယ်နှစ်ကြာပြီ..။


အဖေ့ဆီက ဖုန်းက မလာတစ်ချက်လာတစ်ချက်
ကျွန်တော်ကတော့ စိတ်ပျက်လာပြီ
အမေကတော့
ဖုန်းအိမ်ကလာခေါ်မယ့်အသံကို
လဆန်းရက်တိုင်းနားစွင့်နေတုန်းပဲ…။


အဖေသိပါတယ်
အမေက တုံးတုံးအအ
ဆယ့်ခြောက်လကြာပြီးမှ အဖေဖုန်းဆက်တော့
ငါဆေးရုံတက်နေတယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့ပြတ်ခဲ့တာပဲ…
ကျွန်တော်ကတော့ သတင်းရထားပြီးပြီ
အဖေနောက်အိမ်ထောင်ပြုလိုက်ပြီတဲ့…


အမေကတော့ ထုံးစံအတိုင်း
စိတ်ပူတတ်လိုက်တာ
ဘုရားစင်ရှေ့ နတ်စင်ရှေ့ ဘိုးတော်စင်ရှေ့
မျက်ရည်လေးစမ်းစမ်း
အသံလေးတိုးတိုးနဲ့….


ရန်ကုန်က မယားကြီးအတွက်
တစ်နှစ်ကိုငွေငါးသိန်းပေးရင်
အဖေတာဝန်တွေကျေနေပုံပဲ…
အဖေ အိမ်ပြန်လာချင်စိတ်အတွက်
အဖေငယ်ငယ်က ဆွဲထားတဲ့
ပန်းချီကားတွေကလည်း မဆွဲဆောင်နိုင်
မယားတောသူဆိုပြီး
အဖေယူခဲ့တဲ့ မိန်းမကိုလည်း သတိမရ…


ကွာလာလမ်ပူညတွေမှာ
အဖေလူလည်ကြီးလုံးလုံးဖြစ်နေတယ်တဲ့
အဖေ့သတင်းတွေကြားရတာမကောင်းဘူး..အဖေ..။


ဒီကြားထဲ ဖုန်းထဲမှာ
အဖေက အကြီးကောင်လိမ္မာလားလို့
မေးတုန်းဆိုပဲ…။


ကျွန်တော် မလိမ္မာဘူးအဖေ
ပြီးတော့ ဆိုးလည်းမဆိုးဘူး
ဆယ်တန်းလည်းမအောင်ဘူး
အခုလမ်းဘေးမှာ
သူငယ်ချင်းတွေနဲ့ ဂစ်တာတီးနေတယ်အဖေ…


ကျွန်တော်တို့ ပညာရေးအတွက်
အမေဆံပင်တွေဖြူခဲ့တာ အဖေသိလားအဖေ
အငယ်ကောင် မကျန်းမာတော့
အမေပိုအိုစာသွားရတာ
အဖေသိခဲ့ရဲ့လားအဖေ…


အခု
အဖေ့သမီးအလတ်မနဲ့
အငယ်ကောင်က ပညာတတ်တွေဖြစ်ပြီး
အမေ့ကိုပြန်ရှာကျွေးနေလို့
မိသားစု တည်တည်ငြိမ်ငြိမ်နေနိုင်တာအဖေ


ကျွန်တော်တို့ လူလားမမြောက်ခင်
အကျပ်အတည်းကို
အမေတစ်ယောက်တည်း ဘယ်လိုရင်ဆိုင်ခဲ့ရလည်း
သိလားအဖေ…
အမေ့ မိဘတွေပေးထားခဲ့တဲ့
မြေကွက်လည်း ခြမ်းရောင်းလိုက်ရတယ်..
ကျွန်တော်တို့အိမ်လေး ပိုကျဉ်းသွားလို့
အဖေတော့ နေတတ်မှာမဟုတ်တော့ဘူး
အဲဒီလိုအမေအမြဲပြောတယ်.. အဖေ..။


အဖေကတော့
အပေါင်းအသင်းတွေကြားငြီးချင်ငြီးမယ်
ရန်ကုန်က ပိုက်ဆံချည်းမှာနေတယ်လို့
အခု အဖေ့ကို
ကျွန်တော်မှာမယ်
အဖေပြန်လာပါ…
အဖေနဲ့ကျွန်တော်မျက်နှာချင်းမဆိုင်တာ
ဆယ့်ခြောက်နှစ်
အဖေနဲ့ကျွန်တော် စကားမပြောဖြစ်တာ
ခြောက်နှစ်…
အခုကျွန်တော်အသက်နှစ်ဆယ့်ခြောက်မှာ
အဖေနဲ့ကျွန်တော် တစ်ယောက်ကိုတစ်ယောက်
မှတ်မိဖို့ အဖေပြန်လာမှ ဖြစ်တော့မယ်…။


မိုးလှိုင်ည

;;